Tuesday, September 24, 2019

ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်တို့ တိုင်းရင်းသားအပေါ် လွတ်လပ်ရေး မရခင် သဘောထားမှတ်ချက်


မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်တို့ကတော့ တောင်တန်းဒေသတွေကို မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေးရစေလိုတဲ့ ဆန္ဒရှိကြပါသည်။ 1946 ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ ရွှေတိဂုံစေတီ အလယ်ပစ္စယံမှာ ကျင်းပတဲ့ ဖဆပလအဖွဲ့ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးမှာ ဒီဒုတ်ဦးဘချို တင်သွင်းတဲ့ ``တိုင်းရင်းသား လူနည်းစုအရေး´´ အဆိုမှာ -
          ``လွတ်လပ်တဲ့ ဗမာပြည်သစ်ကို တည်ထောင်ရာမှာ တိုင်းရင်းသားလူနည်းစု၊ လူများစု၊ အားလုံးသဘောတူတဲ့နည်းနှင့် လွတ်လပ်စွာ တည်ထောင်ရန် ကျွန်တော်တို့က သဘောတူကြောင်း ကတိပေးပါတယ်´´ ဆိုပြီး တိုင်းရင်းသား လူနည်းစုတွေနှင့်အတူ လွတ်လပ်တဲ့ မြန်မာနိုင်ငံကို တည်ထောင်ဖွဲ့စည်းလိုတာ အတိအလင်းဖော်ပြထားပါသည်။
          ဗိုလ်ချုပ်အောင်ဆန်းကလည်း လန်ဒန်ဆွေးနွေးပွဲမှာ  တောင်တန်းဒေသတွေကို မြန်မာပြည်မနှင့်အတူ လွတ်လပ်ရေးပေးရန် ဘုရင်ခံရဲ့ အမှုဆောင်(၀န်ကြီး)အဖွဲ့မှာ တောင်တန်းဒေသက ကိုယ်စားလှယ်တွေ ပါဝင်ခွင့်ပေးဖို့ အရေးဆိုထားပါသည်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရေးဆိုမှုကြောင့် အောင်ဆန်း-အက်တလီ စာချုပ် ချုပ်ဆိုတဲ့အခါမှာ ဗြိတိသျှအစိုးရနှင့် မြန်မာကိုယ်စားလှယ်တွေဟာ နယ်ခြားဒေသတွေနှင့်ဝန်ကြီးတွေ အုပ်ချုပ်တဲ့ မြန်မာနိုင်ငံကို အဲဒီဒေသတွေမှာ နေထိုင်သူတွေရဲ့ လွတ်လပ်တဲ့ သဘောတူညီချက်နဲ့ ဆောလျင်စွာ ပေါင်းစည်းရေးကို လိုလားတယ်ဆိုတဲ့အချက် ပါဝင်ခဲ့ပါသည်။
          အောင်ဆန်း-အက်တလီစာချုပ်အရ ၀န်ကြီးအဖွဲ့ အုပ်ချုပ်တဲ့ မြန်မာပြည်မနှင့် နယ်ခြားဒေသကို ပေါင်းစည်းရေးနှင့် ပတ်သက်ပြီး အဲဒီဒေသတွေမှာ နေထိုင်တဲ့သူတွေက မိမိတို့ ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုနိုင်ရေးအတွက် အထူးညီလာခံကျင်းပရန်နှင့် မြန်မာပြည်နှင့် နယ်ချဲ့ဒေသပေါင်းစည်းနိုင်ဖို့ အကောင်းဆုံးသော နည်းစနစ်ရှာဖွေနိုင်ဖို့ တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းရေးဆိုင်ရာ ကိစ္စတွေကို ဗြိတိသျှအစိုးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို သဘောတူညီမှု ရခဲ့ပါတယ်လို့ ဆိုပါတယ်။
          1947 ခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဖဆပလခေါင်းဆောင်တွေဟာ ပင်လုံညီလာခံသို့ တက်ရောက်ပြီး မြန်မာပြည်မနှင့်ပေါင်းစည်းရေးနှင့် ပတ်သက်ပြိး တောင်တန်းဒေသတွေရဲ့ ဆန္ဒသဘောထားကို ရယူခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျင်းပတဲ့ ညီလာခံမှာ ရှမ်း၊ ကချင် နှင့် ချင်းတို့ဟာ ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပူးပေါင်းပါဝင်ဖွဲ့စည်းဖို့ သဘောတူညီခဲ့ကြပါသည်။ ဒါပေမဲ့ ရှမ်းနှင့်ကချင်တို့က ပြည်နယ်အလိုရှိတာ အတိအလင်း တောင်းဆိုခဲ့ကြပါသည်။ ချင်းတိုင်းရင်းသားတို့က အထူးခရိုင် ဒါမှမဟုတ် အထူးတိုင်းအဖြစ် သတ်မှတ်ပေးဖို့ တင်ပြကြပါတယ်လို့ ဆိုပါသည်။
          အဲဒီလိုနဲ့ ပင်လုံညီလာခံကျင်းပပြီးတဲ့နောက်ပိုင်းမှာ ရီး(စ်)ဗီလျံ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်တဲ့ တောင်တန်းစုံစမ်းရေးအဖွဲ့ဟာ သူတို့ရဲ့ သဘောထားကို စုံစမ်းလေ့လာခဲ့ပါသည်။ အဲဒီနောက် တောင်တန်းဒေသ စုံးစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာကို ၁၉၄၇ ခုနှစ် ဧပြီလမှာ ထုတ်ပြန်ခဲ့ကြပါသည်။ အဲဒီလို အစီရင်ခံစာမှာ မြန်မာနိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် တည်ထောင်ရန်၊ ရှမ်းပြည်နှင့်ကချင်တောင်တန်းတွေဟာ ဒါဟာ ပြည်ထေင်စုအတွင်း ပြည်နယ်တွေအဖြစ် ပါဝင်ရန်၊ ကရင်နီနယ်တွေဟာည်း ပြည်နယ်တစ်နယ်အဖြစ်ပါဝင်လိုက ပါဝင်ရန်၊ ချင်းတောင်တန်းနှင့် ပြင်ဦးလွင် ခရိုင်တိုလည်း မြန်မာပြည်မနှင့်ပူးပေါင်းလိုက ပူးပေါင်းရန် အကြံပြုဖြစ်ပါသည်။
ဟန် မွန်

No comments:

Post a Comment