Wednesday, February 26, 2014


နိုင်ငံအရေးအပေါ် ဗိုလ်ချုပ်အောင်ဆန်း ဘယ်လိုမြင်ခဲ့သလဲ

၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့မှ စတင်၍ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးကို ရွှေတိဂုံ အလယ် ပစ္စယံ၌
ကျင်းပရာ (၂၀)ရက်နေ့၌ (ဖဆပလ)အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်အောင်ဆန်းသည် မိန့်ခွန်း ပြောကြားခဲ့၏။

အဆိုပါမိန့်ခွန်း၌ ဗိုလ်ချုပ်အောင်ဆန်းမြင်သော နိုင်ငံရေး အဓိပ္ပာယ်အချို့ကို ကောက်နုတ် တင်ပြ လိုပါသည်။

“နိုင်ငံရေးသည် ယုတ်မာညစ်ထေးသည် မဟုတ်။ နိုင်ငံရေးကို ညစ်ထေးအောင် လုပ်သူတို့သာလျှင်
ယုတ်မာခြင်းဖြစ်၏။

နိုင်ငံရေး သဘောအမှန်မှာ ကျွန်ုပ်တို့လူသားတို့နှင့် မတန်မရာ မြင့်မြတ်လွန်းသည်လည်း
မဟုတ်၊ နိမ့်ကျလွန်းသည်လည်းမဟုတ်၊ မျက်လှည့်ဗေဒင်လည်း မဟုတ်၊ အဂ္ဂိရိတ်လည်းမဟုတ်၊ ကြောက်မက်
ဖွယ်ကောင်းသော ကန္တာရခရီးလည်းမဟုတ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်ဇောနှင့်လုပ်သော
အရေးကိစ္စလည်းမဟုတ်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ ပေါ်ပေါက်ဖြစ်ပွားလျက်ရှိသော အခြေပေါ်တွင် မျှော်ခေါ် ၍
ဆောင်ရွက်ရမည်ဖြစ်သော အရေးကိစ္စသာလျှင် ဖြစ်ပေ၏။

နိုင်ငံရေးဆိုသည်မှာ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ လူ့လောကတွင် တွေ့ကြုံနေကြရသော ကိစ္စပင် ဖြစ်ပေသည်။

တစ်နည်းအားဖြင့်ဆိုသော် နိုင်ငံရေးဆိုသည်မှာ လူ့ကိစ္စဟု ဆိုရပေမည်။ ကျွန်ုပ်တို့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊
သွားမှု၊ လာမှု အစုစုသည် နိုင်ငံရေးပင်ဖြစ်သည်။ ကျွနုပ်တို့သည် နိုင်ငံရေးကို မဆင်ခြင် မတွေးတောမိစေကာမူ
နိုင်ငံရေးသည် ကျွန်ုပ်တို့နှင့် အမြဲတစေ ဆက်သွယ်နေ၏။ ကျွန်ုပ်တို့ နိုင်ငံရေး ကို ရှောင်ရှားစေကာမူ နိုင်ငံရေးသည်
ကျွန်ုပ်တို့၏ အိမ်၊ ရုံး၊ အလုပ်ရုံ စသည်တို့၌ ပေါ်ပေါက်လျက်ရှိ၏။ ဤဌာန များ၌ ကျွန်ုပ်တို့သည် နေ့စဉ်နှင့်အမျှ
နိုင်ငံရေးကိုပင် လုပ်နေကြရပေသည်။

လူတိုင်း လူတိုင်း မိမိတို့၏ အခွင့်အရေးကို ရယူလိုခြင်းသည် နိုင်ငံရေးပင် ဖြစ်၏။ နိုင်ငံရေးကို ဘာသာတရား
ဖြစ်သကဲ့သို့ ပြောဆိုကြသောသူများမှာ ယုတ်မာညစ်ထေးသော နိုင်ငံရေးသမားများပင်လျှင် ဖြစ်ပေ၏။

ထိုသူတို့၏
ရည်ရွယ်ချက်မှာ ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လီဆယ်၍ ပြောခြင်းအားဖြင့် ပြည်သူ တို့၏စိတ်ကို ရှုပ်ထွေးစေ၍
အကြောင်းအကျိုး အကောင်းအဆိုးကို ဝေဖန်ခြင်းငှာ မစွမ်းနိုင်အောင် လုပ်ခြင်း မျှသာ ဖြစ်ပေ၏။

အမှန်မှာ
ထိုသူတို့ ပြုလုပ်မှုသည် နိုင်ငံရေးမဟုတ်။ မိမိတို့ အကောက်ဉာဏ်ကိုသုံး၍ မိမိတို့ ကြီးပွားရေး တစ်နပ်စား
နိုင်ငံရေးပင်ဖြစ်ပေ၏။”

No comments:

Post a Comment