Wednesday, December 25, 2019

လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်၍ တရားစွဲခံရသူ ၃၇ ဦးရှိပြီး ကိုယ်စားလှယ်ကိုယ်တိုင် တရားစွဲမှု ၁၃ မှုရှိကြောင်း အသံအဖွဲ့ထုတ်ပြန်
NEWS

PUBLISHED 25 DECEMBER 2019
လွှတ်တော်သုံးရပ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ဝေဖန်ပြောဆိုမှုဖြင့် ပြည်သူ၊ နိုင်ငံရေးပါတီဝင်နှင့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၃၇ ဦး တရားစွဲဆိုခံခဲ့ရပြီး အမှုအရေအတွက် ၂၂ မှုရှိကာ လွှတ်တော်ကိုယ်စားလှယ်က တိုက်ရိုက်တရားစွဲမှု ၁၃ မှုရှိကြောင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စပ်လျဉ်း၍ တက်ကြွလှုပ်ရှားသည့် အသံ- Athan အဖွဲ့က ဒီဇင်ဘာ ၂၃ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်သည်။

၂၀၁၆ ခုနှစ် မတ်မှ ၂၀၁၉ နိုဝင်ဘာ အထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်သက်တမ်း ၄၅ လအတွင်း တရားစွဲ ဆိုခဲ့သည့် အမှုအရေအတွက်ဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။

ယင်းသို့ တရားစွဲဆိုရာတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ကိုအသုံးပြု၍ တရားစွဲမှုက ၁၃ မှုဖြင့် အများဆုံးတွေ့ရပြီး နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ (နိုင်လွတ်လုံ)ဖြင့် ခြောက်မှု၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ ဖြင့် သုံးမှုဖြစ်ကြောင်း အသံ- Athan အဖွဲ့ သုတေသနမန်နေဂျာ ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။

“လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေက တရားစွဲဆိုတဲ့အခါမှာ အဲဒီသုံးခုနဲ့ပဲ တရားစွဲဆိုတာ တွေ့ရပါတယ်။ အဲဒါက အစိုးရနဲ့ တပ်မတော်တို့ တရားစွဲဆိုတာနဲ့ မတူတဲ့အချက်ပေါ့နော်။ အဓိကက လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်။ သူတို့ကို အသရေဖျက်တယ် ဆိုတဲ့ဟာနဲ့ ဆွဲတာ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အသရေဖျက်မှုဥပဒေ စုစုပေါင်း ခြောက်ခုရှိတယ်။ အဲဒီခြောက်ခုထဲမှာ ဆက်သွယ်ရေး ဥပဒေရော၊ နိုင်လွတ်လုံဥပဒေရော၊ ပုဒ် ၅၀၀ ရော အကျုံးဝင်နေတယ်”ဟု ၎င်းက ဆိုသည်။

လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုမှု အများဆုံးဖြစ်သော်လည်း မြေပြင်တွင် ဖြစ်ပွားသည့် ကိစ္စရပ်အချို့နှင့်ပတ်သက်၍ တရားစွဲဆိုခံရသည်ကိုတွေ့ရှိရပြီး မြေယာနစ်နာမှု တိုင်ကြားသည့် ရန်ကုန်တိုင်းရှိ အရပ်သား ၁၇ ဦးကို လွှတ်တော် ကိုယ်စားလှယ်နှင့် ၎င်း၏ မိသားစုဝင်တစ်ဦးက တရားစွဲဆိုမှုဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ တရားစွဲဆိုမှုကို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် မွန်ပြည်နယ်တို့တွင် တွေ့ရှိရပြီး ရန်ကုန်တိုင်းကအမှု ကိုးမှုဖြင့် အများဆုံးဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ထိုသို့ တရားစွဲမှုများတွင် လွှတ်တော်ကိုယ်စားလှယ်က တိုက်ရိုက်တရားစွဲမှု ၁၃ မှုတွင် ကိုယ်စားလှယ် ၁၁ ဦးက စွဲဆိုခြင်း ဖြစ်ကြောင်း၊ ကြားလူက တရားစွဲမှု ကိုးမှုရှိကြောင်း၊ အမှုအများစုသည် ဝေဖန်ခံရသည့် လွှတ်တော် ကိုယ်စားလှယ်နှင့် ရင်းနှီးသူများက ကိုယ်စား တရားစွဲဆိုပေးခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ဆက်သွယ်ရေးဥပဒေတွင် ပါရှိသည့် ပုဒ်မ ၆၆ (ဃ) အပါအဝင် ပုဒ်မအချို့၊ နိုင်လွတ်လုံ ဥပဒေပုဒ်မ ၈ (စ)နှင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ တို့ကို ပြင်ဆင်ရန် လိုအပ်ပြီး ဥပဒေပြုပြင်ပြောင်းလဲမှု လုပ်ဆောင်ခြင်း မရှိပါက မည်သည့်အစိုးရနှင့် မည်သည့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်စေ ယခုကဲ့သို့ ပြည်သူကို တရားစွဲဆိုနိုင်သည့် အခွင့်အရေးရရှိ နေဦးမည်ဟု အသံ - Athan အဖွဲ့မှ ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။

“ NLD အစိုးရသာ တကယ် ပြည်သူ့အစိုးရမှန်တယ်ဆိုရင် ပြည်သူကို ဒုက္ခဖြစ်စေတဲ့ ဥပဒေတွေကို အမြန်ဖျက်သင့်တယ်။ ဘာလို့ဆိုရင် နောက်ငါးနှစ်က ဘယ်သူလဲဆိုတာ မသိနိုင်ဘူး။ NLD အစိုးရမဟုတ်တဲ့ တခြားအစိုးရ တက်လာရင် သူတို့မှာလည်း ပြည်သူကို ဒုက္ခရောက်စေမယ့် ဒီလိုမျိုးဥပဒေတွေ ကိုင်ပြီးတော့ တရားထပ်စွဲမှုတွေ ဖြစ်နေဦးမှာ ပဲ။ ကျွန်တော်တို့ ဆိုလိုတာက ပြည်သူ့အစိုးရမှန်ရင် ဥပဒေတွေ ပြင်ဆင်ခွင့်ရှိတဲ့ အာဏာ ပါဝါရှိနေတုန်း ဒီဥပဒေတွေကို မြန်မြန်ဆန်ဆန် ပြင်ဆင်ဖို့ တိုက်တွန်းတာပါ”ဟု ကိုရဲဝေဖြိုးအောင်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ တရားစွဲဆိုခံရသူ ၃၇ ဦးတွင် ပြည်သူက ၂၅  ဦးဖြင့် အများဆုံးဖြစ်ပြီး နိုင်ငံရေးပါတီဝင် ကိုးဦးနှင့် တက်ကြွလှုပ်ရှားသူ သုံးဦး ဖြစ်သည်။ လတ်တလောတွင် အမှုထက်ဝက်ခန့် ပြီးမြောက်ခဲ့ပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံခဲ့ရကြောင်း၊ အချို့မှာ ထောင်ဒဏ်သုံးလ၊ ခြောက်လအသီး သီးကျခံရကာ လွှတ်တော် ကိုယ်စားလှယ်စားလှယ်ကို ပြန်လည်တောင်းပန်မှုကြောင့် ကျေအေးခဲ့သည့် အမှု နှစ်မှုခန့်ပါဝင်ကြောင်း အသံ - Athan အဖွဲ့မှ သိရသည်။

eleven

No comments:

Post a Comment